ကယားတွင် သောက်သုံးရေကားတစ်စီးလျှင် ကျပ်သုံးသိန်းကျော် ကုန်ကျ

Author Wa Phyoe
Categories
Published on Feb 02, 2024

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့တို့ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုပြဿနာနှင့်ကြုံတွေ့ နေရကြောင်း ယင်းစစ်ဘေးရှောင်များကူညီနေသူ ကိုရန်နောင်ဟိန်းက CJ Platform သို့ ပြောသည်။

‌”စစ်ဘေးရှောင်စခန်းတွေနဲ့ ရေထွက်ပေါက်ရှိတဲ့ နေရာကဝေးတော့ ရေကို ရေထွက်ပေါက်ရှိတဲ့နေရာမှာ သွားဝယ်ရတယ်။ ချောင်းရေတွေ၊ ဘာတွေလည်းမရှိဘူး။ ရေထွက်ပေါက်ရှိတဲ့နေရာက တစ်နေရာပဲရှိတယ်။ တခြားနေရာတွေမှာတော့ ရေထွက်ပေါက်တွေရှိပေမဲ့ လွတ်မြောက်နယ်မြေမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

 

ထိုစစ်ရှောင်စခန်းများအတွက် ရေကားတစ်စီးလျှင် ကျပ်သုံးသိန်းကျော်ကုန်ကျစရိတ်ရှိပြီး ကားစက်သုံးဆီဖိုးလျှင်ပင် ကျပ်နှစ်သိန်းခန့်ကုန်ကျသကဲ့သို့ ရေဖိုးမှာ ကျပ် ရှစ်သောင်းခန့်ရှိကြောင်း ကိုရန်နောင်ဟိန်းက ပြောသည်။

“အဲဒါတွေအပြင် တစ်ခါတလေရေသွားသယ်ရင်း ကားဘီးပေါက်တာတွေဖြစ်ရင်‌ ငွေထပ်စိုက်ရတာတွေလည်းရှိတယ်” ဟု စစ်ဘေးရှောင်ကူ‌‌ညီနေသူ ကိုရန်‌နောင်ဟိန်းက ဆက်လက်ပြောဆိုဟည်။

 

ရေအကူအညီအပြင် အခြားထောက်ပံ့မှုလုံးဝမရသည့် ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများလည်းရှိနေပြီး ထိုနေရာများကိုလည်း အကူအညီများပေးနိုင်ရန်ကြိုးပမ်းနေကြောင်း အကူအညီများပေးနေသူတစ်ဦးက ပြောသည်။

“ဒီဘက်ကရေတွေက ထုံးဓာတ်များတော့ ရေနွေးတည်တဲ့အခါ ထုံးတွေအများကြီးထွက်တာမျိုး တော့ရှိတယ်။ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေတော့ဖြစ်တာမရှိဘူး။ ရာသီဥတုအရမ်းအေးတာကြောင့် နှာစေး၊ ဖျားနာတာတွေတစ်ယောက်နဲ့တစ်ယောက် ကူးစက်ပြီး ဖျားနာနေကြတယ်” ဟု ဖရူဆိုဒေသမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

 

ကရင်နီပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းနှင့်အတူ  ယခင်ကထက် စစ်ရှောင်လူဦးရေ ပိုမိုများပြားလာသော်လည်း ကူညီထောက်ပံ့မှု နည်းပါးနေခြင်းကြောင့် စစ်ရှောင်ပြည်သူများအခက်အခဲများစွာဖြင့် ရင်ဆိုင်နေရ‌ကြောင်း သိရသည်။

ကရင်နီ(ကယား)တွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ဘေးရှောင်နေကြရ‌ပြီး စစ်ဘေးရှောင်စခန်း တစ်ခုလျှင် အနည်းဆုံး လူဦး ရေ ၁၀၀၀ မှ ၁၅၀၀ အထက်ရှိကြောင်း၊ ထိုစစ်ဘေးရှောင်စခန်းများတွင် ဆေးဝါး၊ အနွေးအထည်၊ တာလပတ်နှင့် ရိက္ခာခြောက်များကဲ့သို့ လူသားခြင်းစားနာမှုအကူအညီများ လိုအပ်နေကြောင်း KHT(Karenni Humanitarian Team)က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။