ကမ္ဘာ့အသက်အကြီးဆုံးခွေးဖြစ်တဲ့ ဘိုဘီ၊ (၃၁) နှစ်အရွယ်မှာ သေဆုံး

Author အဂ္ဂ
Categories
Published on Oct 24, 2023

ကမ္ဘာ့အသက်အကြီး‌ဆုံးခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတဲ့ Bobi (ဘိုဘီ) ဟာ အသက်(၃၁) နှစ်အရွယ်မှာပဲ ပေါ်တူဂီနိုင်ငံမှာ သေဆုံးသွားခဲ့တယ်လို့ Guineas World Records က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ဘိုဘီ က ပေါ်တူဂီမျိုးဖြစ်တဲ့ Rafeiro Alentejano မျိုးကောင်းမျိုးသန့် ခွေးဖြစ်ပြီး သူ့သက်တမ်းတလျှောက်လုံးကို ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းက ရွာလေးတစ်ရွာမှာပဲ ကုန်ဆုံးခဲ့တာပါ။ သက်တမ်းအားဖြင့် ၃၁ နှစ်နဲ့ ၁၆၅ ရက် အသက်ရှင်နေထိုင်ခဲ့ပြီး (၁၉၃၉) ခုနှစ်က စံချိန်တင်ထားခဲ့တဲ့ ဩစတေးလျမျိုးရင်း ခွေးတစ်ကောင်ရဲ့ ၂၉ နှစ် ၅လ ဆိုတဲ့ စံချိန်ကို ချိုးပြီး ကမ္ဘာ့အသက်အကြီးဆုံး ခွေးဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တာပါ။

 

Bobi ကို အကြိမ်ပေါင်းများစွာကုသပေးဖူးခဲ့တဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ Bobi သေဆုံးမှုကို လူမှုကွန်ရက်မှာ ပထမ‌ဦးဆုံးကြေညာခဲ့သူလည်းဖြစ်တဲ့ Karen Becker (ကာရင်ဘက်ကာ) ကတော့ “သူဟာ သမိုင်းမှတ်တမ်းထဲက ခွေးအားလုံးရဲ့ သက်တမ်းကိုကျော်လွန်ပြီး ရက်ပေါင်း (၁၁,၄၇၈) ရက်တိတိ ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ခဲ့ပေမယ့် သူ့ကိုချစ်တဲ့သူတွေအတွက်တော့ အဲ့သလောက်က ဘယ်တော့မှ မလုံလောက်ခဲ့ပါဘူး၊ ဘဝခရီးလမ်းဖြောင့်ဖြူးပါစေ ဘိုဘီရေ” လို့ ပြောခဲ့ပါတယ်။

 

ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ ဘိုဘီ ဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေး ဖြစ်တယ်လို့ ကြေညာခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဟိုးအရင်ကတည်းက သိုးထိန်းခွေးတွေအဖြစ် အသုံးပြုခဲ့ကြတဲ့ ဘိုဘီ တို့မျိုးရိုးတွေဟာ ပုံမှန်အားဖြင့် ၁၂ နှစ်ကနေ ၁၄ နှစ်ထိသာ အသက်ရှည်ကြတာပါ။

 

သူ့ပိုင်ရှင်ဖြစ်တဲ့ Leonal Costa (လီယိုနယ်ကော်စတာ) ကတော့ သူ့ခွေးက ကျေးလက်‌ဒေသမှာပဲ အေးအေးချမ်းချမ်းနေရတာ၊ ဘယ်တော့မှ သံကြိုးခတ် ချုပ်နှောင်တာမျိုးမရှိတာ၊ အမြဲတမ်း လူတွေစားတဲ့ အစားအစာကိုပဲ စားသောက်ရတာ စတဲ့အချက်တွေကြောင့်  သက်တမ်းရှည်ရှည် နေသွားရတယ်လို့ ယူဆပါတယ်။

 

ဘိုဘီလေး စပြီးမွေးလာတုန်းကဆိုရင် Costa မိသားစုမှာ တိရိစ္ဆာန်တွေကများပြီး ပိုက်ဆံကနည်းနေတဲ့အတွက် မုဆိုးတစ်ဦးဖြစ်တဲ့ သူ့အဖေဟာ မွေးကင်းစ ခွေးလေးတွေကို မွေးဖို့ထက် မြေကြီးထဲပဲ မြုပ်ပစ်လေ့ရှိပါတယ်။

 

ဒါပေမဲ့ ဘိုဘီဟာ ထင်းပုံကြီးထဲမှာ ပုန်းနေခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ Costa နဲ့ သူ့မွေးချင်းတွေက ဘိုဘီ့ကိုရှာတွေ့ခဲ့ပြီး ဒီခွေးကလေးရဲ့ မျက်လုံးမဖွင့်မချင်း တိတ်တိတ်လေးဝှက်ပြီး ပြုစုစောင့်ရှောက်ထားခဲ့ပါတယ်။

 

“သူ့ရဲ့မျက်လုံးတွေ ပွင့်လာကတည်းက သူ့ကိုတော့ ငါ့မိဘတွေ ဘယ်လိုနည်းနဲ့မှ မြေမြုပ်ပစ်နိုင်မှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့ သိနေခဲ့ပါတယ်လို့” Costa က ဒီနှစ်ထဲမှာပဲ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါသေးတယ်။

 

ဘိုဘီ မသေဆုံးခင်ကဆို လမ်းထွက်လျှောက်ရတာကို ကြိုက်တဲ့အတွက် လမ်း‌ထွက်လျှောက်မြဲ လျှောက်နေပေမယ့် အရင်ကလိုတော့ စွန့်စားခန်းတွေ မဖွင့်နိုင်တော့ပါဘူး။ သူ့အမွှေးတွေက ပါးသထက်ပါးလာတယ်။ သူ့မျက်လုံးတွေပါမှုန်လာပြီး အရင်ကထက်လည်း အများကြီး ပိုအနားယူဖို့လိုနေပါပြီ။

 

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကတော့ အရင်တုန်းက ဘိုဘီ့ဘဝဇာတ်ကြောင်းကို “အဲ့ဖွယ်သရဲ” ဖြစ်လောက်တယ်လို့ ညွှန်းဆိုခဲ့ဖူးပြီး တနင်္လာနေ့မှာတော့ “သူ့ကိုတော့ ပြင်းပြင်းပြပြ လွမ်းဆွတ်နေရတော့မှာပါ” လို့ ပြောခဲ့ပါတယ်။ မေလမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ (၃၁) နှစ်ပြည့် မွေးနေ့ပွဲကို လူပေါင်းတစ်ရာကျော် တက်ရောက်ခဲ့တယ်လို့ ထပ်လောင်းပြောကြားပါတယ်။

 

Ref : Bobi, world’s oldest dog, dies in Portugal aged 31 – Reuters

Photo – Reuters

Related News

Depend on news