ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာမြင်တွေ့ရမယ့် ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတစ်ယောက်

Author မောင်ရှမ်း
Categories
Published on Nov 20, 2022

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဘယ်နောက်ခံလူ အက်ဖွန်ဆိုဒေးဗီးစ်ကတော့ ကနေဒါလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကစားရတော့မှာဖြစ်ပါတယ်။ သူ့အတွက် ကမ္ဘာ့ဖလားကစားခွင့်ဆိုတာ လွယ်လင့်တကူ ရရှိလာတာမျိုးတော့မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒေးဗီးစ်ဟာ ငယ်စဉ်ဘဝကို ဒုက္ခသည်စခန်းထဲမှာ ဖြတ်သန်းခဲ့ရသူတစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။ ဒေးဗီးစ်ကို ဂါနာနိုင်ငံအရှေ့ပိုင်းက ဒုက္ခသည်စခန်းတစ်ခုမှာ လိုက်ဘေးရီးယားမိဘနှစ်ပါးက မွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ မိဘတွေကတော့ လိုက်ဘေးရီးယားပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့ လူပေါင်း လေးသိန်းခွဲကျော်ထဲက နှစ်ယောက်ပေါ့။

ဂါနာနိုင်ငံမှာ ၅ နှစ်နီးပါးနေထိုင်ပြီးချိန်မှာတော့ သူ့ရဲ့ မိဘတွေက ရေကြည်ရာမျက်နုရာအဖြစ် ကနေဒါနိုင်ငံကို ခိုလှုံခွင့်တောင်းခံခဲ့ပြီး အဆင်ပြေခဲ့လို့ ဒေးဗီးစ် ၅ နှစ်သားအရွယ်မှာတော့ ကနေဒါနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။ဒီလိုနဲ့ပဲ ဘောလုံးအားကစားကို စိတ်ဝင်စားခဲ့တဲ့ ဒေးဗီးစ်ဟာ ဘောလုံးသင်တန်းကျောင်းတွေမှာ ပညာသင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာတော့ ကနေဒါနိုင်ငံသားဖြစ်လာခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ သူ့ရဲ့ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်ကြောင့် ကနေဒါလက်ရွေးစင်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ ပွဲ ၃၄ ကစားကာ သွင်းဂိုး ၁၂ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ ဒေးဗီးစ်တစ်ယောက် နိုင်ငံလက်ရွေးစင်အသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။