ကမ္ဘာကြီးပေါ်က ဟားမက်စ်တွေ ပျောက်ကွယ်ဖို့ အစ္စရေး-ပါလက်စတိုင်းလူမျိုးတွေ ဘယ်လောက်ပေးဆပ်ရမလဲ

Author လင်းနွေဦး
Categories
Published on Oct 12, 2023

“ဟားမက်စ်မှာ ပါဝင်သူတိုင်း သေလူများဖြစ်တယ်”

အီရန်၊ ဆီးရီးယားတို့က ဟားမက်စ်ကိုထောက်ခံပြောဆိုနေချိန် အစ္စရေး ဝန်ကြီးချုပ် နေသန်ရာဟုက ဟားမက်စ်တွေကိုအပြတ်ရှင်းဖို့ ကြေညာမောင်းခတ်လိုက်တာပါ။

ဒီစကားကို အစ္စရေး ဝန်ကြီးချုပ်က တိုက်ခိုက်ခံရမှုအပြီး ပထမဆုံးပြုလုပ်တဲ့ အရေးပေါ်အစိုးရဆွေးနွေးပွဲအပြီးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီစကားကို ထောက်ပံ့ပေးမယ့်စကားတစ်ခွန်းလည်းရှိနေပါသေးတယ်။

“ဒါဟာ စစ်ပွဲအတွက်အချိန်ပဲ” ဆိုတဲ့စကားပါ။

ဒီစကားကိုတော့ နေတန်ညာဟုရဲ့ အကြီးမားဆုံးပြိုင်ဘက်(သို့မဟုတ်) အစ္စရေးရဲ့ ကျော်ကြားတဲ့နိုင်ငံရေးအတိုက်အခံခေါင်းဆောင် Benny Gantz(ဘန်နီ ဂန့်ဇ်)က ပြောလိုက်တာပါ။

ဟားမက်စ်ကြောင့် နေတန်ညာဟုနဲ့ ဘန်နီ ဂန့်ဇ်တို့ဟာ ပြိုင်ဘက်တွေကနေ အခုတော့ မိတ်‌ဆွေတွေဖြစ်လာပါတော့မယ်။

အဘယ့်ကြောင့်ဆိုသော် ဟားမက်စ်အရေးမှာ သူတို့နှစ်ဦး သဘောထားတူညီနေကြလို့ပါ။

ဒီနိုင်ငံရေးပြိုင်ဘက်နှစ်ဦး မည်သို့ပူးပေါင်းခဲ့ပါသလဲ?

ဟားမက်စ် စစ်သွေးကြွအုပ်စုရဲ့တိုက်ခိုက်မှုကြောင့် စစ်ဘက်၊ အရပ်ဘက် အစ္စရေးနိုင်ငံသား ၁၂၀၀ ကျော်သေဆုံးခဲ့ရပြီးနောက်မှာ အစ္စရေးဘက်က ချက်ချင်းတုန့်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူ ၁၁၀၀ ဦးကျော်သေဆုံးခဲ့ရပါတယ်။

အဲဒီနောက် အစ္စရေးခေါင်းဆောင်နှစ်ဦးဟာ “ပူးပေါင်းတယ်” လို့ ကြေညာခဲ့ကြပါတယ်။ ဒါဟာ အစ္စရေးနိုင်‌ငံရေးဖြစ်စဉ်မှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

သူတို့နှစ်ဦးပေါင်းစည်းမှုဟာ အစ္စရေးနိုင်ငံအနှံ့က ဆန္ဒပြတောင်းဆိုမှုတွေ အပြီးမှာ ဖြစ်လာခဲ့တာပါ။

အောက်တိုဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ “ခါးသီးသောနိုင်ငံရေးပြိုင်ဆိုင်ခြင်းတွေကို ဘေးချိတ်ပြီး စည်းလုံးပူးပေါင်းကာ ဟားမက်စ်လို့ခေါ်တဲ့အရာကို ဒီကမ္ဘာကနေ ဖျောက်ပစ်ဖို့ အသင့်ဖြစ်နေပါပြီ” လို့ အစ္စရေး ပြည်သူတွေကို နိုင်ငံရေးအတိုက်အခံအဖြစ်ကျော်ကြားသူ ဘန်နီဂန်ဇ့်က အသိပေးပြောကြားခဲ့တာပါ။

ဒါဟာ နေတန်ညာဟုရဲ့ ” ဟာမက်စ်မှာ ပါဝင်သူတိုင်း သေလူများဖြစ်တယ်” ဆိုတဲ့စကားကို ထောက်ပံ့မှုအားကောင်းစေခဲ့ပါတယ်။

ဒီပူးပေါင်းမှုဟာ အစ္စရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ပူးပေါင်းမှုကြီးအဖြစ် အစ္စရေးပြည်သူတွေက ရှုမြင်နေကြပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးနဲ့အတူ ကာကွယ်ရေးဝန်ကြီး Yoav Gallant(ရိုဗ့် ဂဲလန့်)လည်း တစ်သဘောတည်း ထပ်တူကျခဲ့ပေမယ့် မတူသူတစ်ဦးလည်း ရှိနေပါသေးတယ်။

သူကတော့ နိုင်ငံရဲ့ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ Yair Lapid(ရဲလ်ယာ လက်ပဒ်)ပဲဖြစ်ပါတယ်။ သူဟာ မဟာမိတ်အဖွဲ့အားမပူးပေါင်းခဲ့ချေ။

ဒါပေမဲ့ အမျိုးသားစည်းလုံးရေးပါတီရဲ့ အဓိကခေါင်းဆောင်ဖြစ်၊ အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဘန်နီ ဂန့်ဇ်ကတော့ Yair Lapid(ရဲလ်ယာ လက်ပဒ်)အတွက် “နေရာတစ်ခု ဖယ်ထားပေးမယ်” လို့ ကတိပြုပါတယ်။

ပူးပေါင်းအဖွဲ့က ဘာတွေလုပ်ဆောင်ခဲ့ကြလဲ?

“စစ်ပွဲအချိန်အတွင်းမှာ စစ်ပွဲနဲ့ ပတ်သက်မှုမရှိတဲ့ ကုန်ကျစရိတ်တွေနဲ့ အစိုးရဆုံးဖြတ်ချက်တွေကို ခွင့်မပြု၊ တခြားအကြီးတန်းရာထူးတွေလည်း စစ်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်ဖို့ အလိုအလျောက်သတ်မှတ်ကြောင်း” ဆိုတဲ့ အချက်တွေ သူတို့က ထုတ်ပြန်ပါတယ်။

ဆိုလိုတာကတော့ နိုင်ငံအတွက် သေရေးရှင်ရေးဖြစ်နေတဲ့ စစ်ပွဲအတွက်သာ အစွမ်းကုန် သုံးစွဲသွားမည်ဖြစ်ပြီး အကြီးတန်းနေရာ တာဝန်တွေက အနားယူတာမျိုးတွေ လုပ်လို့မရဘူးလို့ ဆိုလိုတာပါ။

အဲဒီနောက်မှာတော့ နယ်စပ်က ရွာတွေကို ပြန်လည် သိမ်းယူနိုင်ဖို့စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန် မြှင့်တင်ခဲ့ပြီး ဟားမစ်တွေဘက်ကို ပြင်းထန်တဲ့ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

စစ်ရေးအနေအထား ဘယ်လိုရှိနေလဲ?

ဟားမက်စ်တွေဘက်က စတင်တိုက်ခိုက်စဥ်က ထောင်ပေါင်းများစွာသောဒုံးတွေကို အစ္စရေးမြေထဲ ပစ်လွှတ်ခဲ့ပြီး နယ်စပ်တွေမှာ စစ်သွေးကြွတွေကို နည်းမျိုးစုံနဲ့ စေလွှတ်ခဲ့တာကြောင့် အစ္စရေးရွာသူရွာသားတွေ အထိနာခဲ့ရပါတယ်။

အစ္စရေးကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ အပါအဝင် လူ ၁၅၀ လောက်ကို ဟားမက်စ်တွေက ဓားစာခံ လုပ်ခဲ့ပြီး အစ္စရေးပြည်သူတော်တော်များများကို သတ်ဖြတ်ခဲ့ပါတယ်။

အစ္စရေးတို့ဟာ အောက်တိုဘာ ၈ ရက်က အလစ်တိုက်ခိုက်ခံရပြီးနောက် ပါလက်စတိုင်းဘက်ကို ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ဂါဇာကမ်းမြှောင်အနီးမှာ နယ်မြေသိမ်းဝင်ရောက်တိုက်ခိုက်ဖို့ စေလွှတ်ပြီးဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ယခုအပတ် အစောပိုင်းကာလတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး မစ္စတာ ဂဲန့်က ပါလက်စတိုင်း ပိုင်နက်တစ်ချို့မှာ လူသူလက်နက်နဲ့ လက်တုံ့ပြန်ဝန်းရံခဲ့ပြီး အဲဒီနယ်မြေများမှာ အစားအသောက်၊ ရေထောက်ပံ့မှုများနဲ့ စွမ်းအင်ထောက်ပံံ့မှုများ ရပ်ဆိုင်းခဲ့ရတယ်လို့ ကြေညာပါတယ်။

အစ္စရေးတို့ အောင်မြင်နိုင်မည်လား?

အစ္စရေး-ဟားမက်စ်အရေးမှာ ဟိုဘက်ဒီဘက် ထောက်ခံမှုတွေရှိနေပါတယ်။ အီရန်၊ ဆီးရီးယားတို့က ဟားမက်စ်ရဲ့ ကျူးကျော်မှုကို ထောက်ခံသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေကတော့ အစ္စရေးကို အားပေးပါတယ်။

အစ္စရေးရဲ့အကြီးဆုံးမဟာမိတ် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အခုလိုသတိ‌ပေးမှတ်ချက်ပြုပါတယ်။

“ကျွန်တော်တို့ အစ္စရေးရဲ့ အမျက်ဒေါသထွက်မှုနဲ့ အစ္စရေးရဲ့ ဆုံးရှုံးမှုအပေါ်မှာ နားလည်ပါတယ်။ ဒါပေမဲ့ ဂျီနီဗာကွန်ဗန်းရှင်းရဲ့ ကျင့်ဝတ်တွေအပေါ် လိုက်နာကျင့်သုံးဖို့တိုက်တွန်းလိုပါတယ်” လို့ သူက ပြောပါတယ်။

ဟားမက်စ်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကိုကူညီထောက်ပံ့ခဲ့ရုံမက အားပေးစကားပါဆိုခဲ့သော မိတ်ဖက်အီရန်ကို သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အမေရိကန်သမ္မတက အခုလိုသတိပေးပြောကြားခဲ့ပါတယ်။

“အားပေးအားမြှောက်ပြုတဲ့ အီရန်အနေနဲ့ သတိထားနေပါ လို့ ပြောချင်ပါတယ်” လို့ ဂျိုး ဘိုင်ဒန်က သတိပေးခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးကို လက်နက်တွေပါ ကူညီပေးတဲ့အထိ ထောက်ခံပေးနေတာပါ။

ဒီလို အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့ပေးမှုနဲ့ ပြည်တွင်းပြိုင်ဘက်တွေ ပူးပေါင်းအားကြောင့် အစ္စရေးဟာ ဒီအရေးမှာ အသာစီးရနေသယောင်ယောင်..

အစ္စရေးခေါင်းဆောင် နေတန်ညာဟု ပြောသလို ဟားမက်စ်တွေ ကမ္ဘာပေါ်က ပျောက်ကွယ်သွားမလား။

ကနဦးအ‌နေနဲ့တော့ ရက်ပိုင်းလေးအတွင်း နှစ်ဘက်ပြည်သူ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရပြီးဖြစ်သလို သောင်းချီပြီး ထိခိုက်ဒဏ်ရာတွေရခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာရသူတွေလည်း ၂၅၀,၀၀၀ နီးပါးရှိလာခဲ့ပါပြီ။

ဒီနှုန်းတွေ ဘယ်လောက်အထိ ဆက်တိုးလာ‌နေဦးမှာပါလဲ။

ဒီအရေးကရော ဘယ်လောက်အထိ ရှည်ကြာပါဦးမလဲ။

သေချာတဲ့အရာတစ်ခုတော့ရှိနေပါတယ်။
အဲဒါကတော့….

အရေးကြာသလောက် အစ္စရေး- ပါလက်စတိုင်းနိုင်ငံသားတွေရဲ့ ထိခိုက်သေဆုံးမှုနှုန်းနဲ့ နေရပ်စွန့်ခွာရသူတွေ တိုးသထက် တိုးလာနေဦးမယ်ဆိုတာပါပဲ။