ကန့်ဘလူမြို့ ဇော်ချောင်းရွာကို စစ်ကောင်စီတပ် လေးကြိမ်မြောက်မီးရှို့

Author ခေတ်နီ
Categories
Published on Oct 06, 2022

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မှာ လေးကြိမ်မြောက်အဖြစ် ထပ်မံမီးရှို့ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား စစ်ကောင်စီ၏ ခမရ-၃၆၃ တပ်မှ ယနေ့ နေ့လည်၁၁နာရီမှ စတင်ပြီး စတုတ္ထအကြိမ်မြောက် မီးရှို့ဖျက်စီးနေတာပဲ ဖြစ်သည်။

ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က ပထမအကြိမ် မီးရှို့ရာတွင် နေအိမ်တစ်လုံး၊ဒုတိယအကြိမ် အဖြစ် ဇွန်လ ၈ရက်နေ့မီးရှို့ဖျက်စီးမှုအတွင်း အိမ်ခြေ၉၃လုံး၊ တတိယအကြိမ် အောက်တိုဘာလ ၄ရက်နေ့မီးရှို့ဖျက်စီးမှုအတွင်းအိမ်ခြေသုံးလုံး မီးလောင်ပျက်စီးခဲ့ကာ စုစုပေါင်း အိမ်ခြေ (၉၇)လုံး ပျက်စီးဆုံးရှုံးထားတာပဲဖြစ်သည်။

ဇော်ချောင်းရွာဟာ အိမ်ခြေ ၁၈၀ကျော်ရှိပြီး လူဦးရေ၁၀၀၀ခန့်ရှိကာ စစ်ကောင်စီ၏ စစ်ကြောင်းရန်ကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတာပဲဖြစ်သည်။