ကန့်ဘလူမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို အခွန်ကောက်ခံတော့မည်ဟု ကန့်ဘလူ ပအဖ ကြေညာ

Author လင်းခိုင်
Categories
Published on Jan 22, 2023

 

ကန့်ဘလူမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို အခွန်ကောက်ခံတော့မည် ဖြစ်ကြောင်း ကန့်ဘလူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် ကြေညာထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၆) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရသည် စီးပွားရေး လုပ်ငန်းရှင်များထံမှ အခွန်အခများ ကောက်ခံတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကန့်ဘလူ ပအဖ အနေဖြင့် NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကန့်ဘလူမြို့နယ်ရှိ စီးပွားရေး လုပ်ငန်းအရပ်ရပ် အပေါ် ဇန်နဝါရီ ၂၂ ရက်(ယနေ့) မှ စတင်ကာ အခွန်များကို စနစ်တကျ ကောက်ခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့တွေက တော်လှန်ရေးမှာ ကိုယ်တိုင် မပါနိုင်ပေမယ့်၊ တတ်နိုင်တဲ့ ဘက်ကတော့ လှူဒါန်းပေးတယ်။ ဟိုင်းဝေးကားမောင်းနေတာဆိုတော့ လမ်းမှာ ခွေးတွေရဲ့ ဂိတ်လည်းဖြတ်ရတယ်။ PDF တွေရဲ့ ဂိတ်လည်းဖြတ်ရတယ်။ PDF တွေဂိတ်ရောက်တိုင်း ကိုယ်တတ်နိုင်သလောက် လမ်းဖြတ်ခအဖြစ် အမြဲလှူတယ်” ဟု စစ်ကိုင်းတိုင်းအတွင်း အဝေးပြေးကားမောင်းနှင်နေသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

ကန့်ဘလူ ပအဖအနေဖြင့် ကောက်ခံရရှိလာသည့် အခွန်ဘဏ္ဍာငွေများကို NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီ သုံးစွဲသွားမည်ဟု ဆိုသည်။

ထို့ကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခွန်ဆောင်ပေးခြင်းဖြင့် ပူးပေါင်းပါ၀င်ပေးကြရန် အသိပေးကြောင်း ကန့်ဘလူ ပအဖက ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကန့်ဘလူ #အခွန် #NUG