ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူပိုင် နေအိမ် အလုံး ၇၀ကျော်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး

Author မင်းထက်
Categories
Published on Jan 13, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ  ပြည်သူပိုင်နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီတပ်မှ  မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ ပြောသည်။

ယမန်နေ့  ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ညောင်ဇင်လေးရွာပျူစောထီး အထိုင်စခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ  ပျူစောထီးနှင့် စစ်သားပူးပေါင်းစစ်ကြောင်းသည် မင်းကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ညနေ ၂ နာရီခန့်တွင် ညောင်ဇင်ကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃၀ ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

” ဒီစစ်ကြောင်းက တင်ငုတ်ကြီး ပျူစခန်းတိုက်ခိုက်ခံရပြီးကတည်းက ဆက်တိုက် စစ်ကြောင်းထိုးနေတာပါဗျ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ၊ တင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ တိုက်ခိုက်ပြီးနောက်  ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်းရွာ၊ ကိုးမြို့ရွာနှင့် သရက်ခေါင်းရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ တောင့်တည်းကုန်းရွာမှ နေအိမ် ၁၂ လုံးနှင့် သရက်ခေါင်းရွာမှ နေအိမ် ၃၁ လုံးပျက်စီးဆုံးရှုံးကာ ကိုးမြို့ရွာရှိ ပြည်သူပိုင် နေအိမ်များ ပျက်ဆီး ဆုံးရှုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါ တင်ငုတ်ကြီး ပျူစောထီးစခန်းကို ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သော  စစ်ကောင်စီတပ်အထိနာခဲ့သည့် စခန်းသိမ်းတိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်း ၏ နှစ်ရက်ဆက်တိုက် အကြမ်းဖက်လုပ်ရပ်များကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ ငါး ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးထားပြီး ကျေးရွာ  ၁၁ ရွာမှ  ထောင်နှင့်ချီသော ပြည်သူအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ၊ စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ချင်မြစ်ကျင်းရွာထဲကို ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ဘေးပတ်ပတ်လည်ရွာများကို ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

 

အလားတူပင် ကန့်ဘလူခရိုင် ၊ ထန်းကုန်းတိုက်နယ် အတွင်းရှိ လင်ဗန်းဆည်အနီး စစ်ရှောင်တဲတိုက်များကို နတ်အင်းကျေးရွာမှ ထွက်လာသော အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းသည် စစ်ကြောင်ထိုးဝင်ရောက်ခဲ့ကြောင်း ၊  စစ်ရှောင်တဲ ၃၃ လုံးနှင့် စစ်ရှောင်ပြည်သူနှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်နွားများလဲ ခိုးယူသွားကြောင်း သိရသည်။