ကန့်ဒေါင့်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၃၀ ထက်မနည်းသေဆုံး

Author လင်းခိုင်
Categories
Published on Jan 08, 2023

 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၂၀တပ်ရင်း ရိုးမရာဇာအဖွဲ့ထံမှ သိရသည်။

ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၂နာရီဝန်းကျင်ခန့်မှာ ရိုးမရာဇာအဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ လေကြောင်း ပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တိုက်ပွဲက အတော် ပြင်းထန်ခဲ့တယ် စခန်းထဲထိ ဝင်ပြီး တိုက်ကြတော့ ဟိုဖက်က အကျအဆုံး အတော်များတယ် တိုက်ပွဲဖြစ်ပြီး ၁ နာရီလောက်ကြတော့ လေယာဥ်က ရောက်လာတော့ ပြန်ဆုတ်လာရတာပေါ့”ဟု ရိုးမရာဇာအဖွဲ့၏ တပ်ခွဲမှူးတစ်ဦးဖြစ်သူ ကိုရန်ဖြိုးမှ ပြောသည်။

အဆိုပါ ကန့်ဒေါင့်ရဲစခန်းသည် စစ်ကောင်စီတပ်သား ၅၀ခန့် တပ်စွဲထားသည့် နေရာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် အရေအတွက် အတိအကျကို အတည်ပြုနိုင်ရန် ခက်ခဲသေးကြောင်း သိရသည်။

အဆိုပါ ဒေသတဝိုက်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများ မရှိသလောက် ဖြစ်နေသော်လည်း စစ်ကောင်စီတပ်များ အခြေပြုရာ ပျူစောထီးများ အင်အားကောင်းသည့် ကျေးရွာများတွင်တော့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များမှ လုယက်မှုများ လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ကန့်ဒေါင့်ရဲစခန်း