ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မြို့များတွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် Triple Two အဖွဲ့ ကျည်၀ယ်ယူရန် အရံငွေ ကျပ်ငါးသောင်းသာ ကျန်ရှိတော့

Author လင်းခိုင်
Categories
Published on Jan 19, 2023

 

စစ်ကိုင်းတိုင်း၊ ကနီမြို့၊ ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့များတွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် Triple Two Task Force အဖွဲ့ ကျည်၀ယ်ယူရန် အရံငွေ ကျပ်ငါးသောင်းသာကျန်ရှိတော့ကြောင်း ယင်းအဖွဲ့မှ ကိုနေကြီးက CJ Platform သို့ပြောကြားသည်။

အဖွဲ့တွင်း ရဲဘော်များအနေဖြင့် စားသောက်နေထိုင်ရန် ရသည့်နည်းဖြင့် ဖြေရှင်းနိုင်သော်လည်း၊ ကျည်ဆံ မလုံလောက်သည့်အတွက် တိုက်ပွဲဖော်ဆောင်ရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

“ရိက္ခာကတော့ အဆင်ပြေပါတယ်။ ရိက္ခာခြောက်ပေါ့ဗျာ၊ တခါတလေ အလှူရှင်ရှိရင်တော့ အသားဟင်းပေါ့၊ တစ်လတစ်ခါလောက်ပေါ့၊ အခက်အခဲကတော့ ကျည်ဖိုးပါပဲဗျ” ဟု ကိုနေကြီးက ပြောကြားသည်။

Triple Two Task Force သည် NUG ကာကွယ်ရေး၀န်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် Local PDF အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Phoenix စစ်ကြောင်းကို ဦးဆောင်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်သည်။

“ ကျွန်တော်တို့အဖွဲ့မှာ အခု ငါးသောင်းပဲရှိတော့တာ၊ အဲဒီလိုပြောရင် ဘယ်သူမှ ယုံမှာတောင်မဟုတ်ဘူး။ တိုက်ပွဲက ဆိုက်တိုက်ကို ဆော်နေရတာ”ဟု ပြောကြားသည်။

လက်ရှိတွင် ကျည်တစ်တောင့်လျှင် အနည်းဆုံး ကျပ် ခုနှစ်ထောင်မှ ကျပ် နှစ်သောင်းကျော်အထိပေါက်စျေးရှိနေပြီး တော်လှန်ရေးအဖွဲ့အစည်းအများစုသည် ကျည်မလုံလောက်သည့် ပြသနာများဖြင့် ရင်ဆိုင်နေရသည်။

ပြည်သူများအနေဖြင့် စစ်အာဏာရှင်အား ဖြုတ်ချနိုင်ရေးအတွက် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Triple Two မှတဆင့် ဆက်သွယ်လှူဒါန်းပေးကြရန်လည်း တောင်းဆိုထားသည်။

ဓာတ်ပုံ၊ဗီဒီရို- Triple Two Task Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကနီမြို့