ကနီမှာစစ်ကောင်စီက အရပ်သား ၅ဦးကိုသတ်ဖြတ်ခဲ့

Author CJ Platform
Categories
Published on Aug 27, 2022

ကနီမှာစစ်ကောင်စီက အရပ်သား ၅ဦးကိုသတ်ဖြတ် ခဲ့
🖋ခေတ်နီ
စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ချောင်းမရွာကိုစစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဟာ ကျေးရွာသား ၅ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာ-ယာကြီး -ကလေးဝ လမ်းမှာရှိသည့် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်များက ယမန်နေ့သြဂုတ်လ ၂၆ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာသား ၅ဦးကိုသတ်ဖြတ်ကာ ကား၄စီးနှင့် ဆိုင်ကယ်၂စီးကိုပါ မီးရှို့ဖျက်ဆီးသွားတာပဲ ဖြစ်သည်။
သတ်ဖြတ်ခံရသည့်သူများဟာ အမျိုးသားများသာဖြစ်ကြောင်းနှင့် ကိုယ်တုံးလုံးချွတ်အနေအထားဖြင့် ကြိုးတုပ်နှိပ်စက်ခံထားရပြီး တစ်ကိုယ်လုံး ဒဏ်ရာရှိကာ ဓာတ်ဆီလောင်းမီးရှို့ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာများလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့အလောင်းတွေကို ချောင်းမ -ကနီလမ်းခွဲ အနောက်ဘက်လမ်းပေါ်မှာပဲတွေ့တာ နှစ်ယောက် တစ်တွဲဆီ အိမ်စီးကားနားမှာတွေ့တာတစ်ယောက်ကဆိုင်ကယ်နားမှာတွေ့တာရော ကားနဲ့ဆိုင်ကယ်တွေလည်း မီးရှို့သွားတယ်”ဟု အဆိုပါဒေသခံက ပြောပြသည်။
အဆိုပါစစ်ကောင်စီတပ်များသည် ယနေ့ နံနက်ပိုင်းတွင် ချောင်းမရွာမှ ထွက်ခွာသွားပြီး ချောင်းမ-ကနီ လမ်းဘေးရှိ သင့်ဝင်၊ မင်းမ၊ သမင် ခြံ ရွာများအနီးကို စစ်ကြောင်း ၂ခုဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။