ကနီမြို့နယ်တွင် စစ်ကောင်စီ၏ သင်္ဘောသုံးစီးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ ဆန်၊ ဆီ၊ ဆားနှင့် ဒီဇယ်ပေပါ ၃၀၀၀ ကျော် သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Feb 10, 2023

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီ သင်္ဘောသုံးစီးအား ဒေသခံ PDF များမှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဆန်၊ ဆီ၊ ဆားနှင့် ဒီဇယ်ပေပါ ၃၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအေတီက CJ Platform သို့ပြောကြားသည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေလျှက်ရှိနေသည်။

“ဒီဇင်ဘာ၊ ၁၈ ရက်ကနေစပြီးတော့ စစ်ကောင်စီအင်အား ၈၀ လောက်က ကုန်းကြောင်းနဲ့တက်လာတာ၊ အဲ့မှာတုန်းက စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးပြီးတော့ လက်နက်ခဲယမ်းအချို့နဲ့ စစ်သားအရှင်တွေ ဖမ်းဆီးရမိခဲ့တယ်။” ဟု ကိုအေတီက ပြောကြားသည်။

ထို့နောက် ဇန်နဝါရီ ၃ရက်တွင် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ ရှပ်ပြေးယာဉ်တစ်စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆန်၊ ဆီ၊ ဆား ရိက္ခာအများအပြား သိမ်းဆည်းရမိခဲ့သည်။

“၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ တိုက်ပွဲနှစ်ခါဖြစ်တယ်။ ၃ ရက်နေ့မှာ သိမ်းဆည်းရမိတဲ့ စက်လှေမှာ ဆန်၊ ဆီ၊ ဆား ရိက္ခာ တော်တော်ရလိုက်တယ်။ ၄ ရက်နေ့ကျတော့ ရှပ်ပြေးတစ်စီးကို သိမ်းပိုက်နိုင်ခဲ့သေးတယ်။ ၃၁ ရက်နေ့မှာတော့ သင်္ဘောအကြီးကြီးတစ်စီးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီဇင်ဆီပေပါ ၃၀၀၀ ကျော်သိမ်းဆည်းရမိခဲ့တာက နောက်ဆုံးသင်္ဘောမှာ သိမ်းဆည်းရမိတာ၊ အဲ့ဒီသင်္ဘောကို တိုက်ခိုက်တုန်းက စစ်သား ၂၀ လောက်သေတယ်။ လက်နက်တွေလဲ သိမ်းဆည်းရမိတယ်” ဟု ကိုအေတီက ဆက်လက်ရှင်းပြသည်။

ကနီမြို့နယ်၊ သပြေတောရွာအနီးတွင် သောင်တင်နေသည့် စစ်ကောင်စီ ထောက်ပို့သင်္ဘောတစ်စီးကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်း ဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ ခရိုင်ရင်း ၁၊ ခရိုင် ရင်း ၂ နှင့် ကနီယင်းမာပင် ဆားလင်းကြီး မဟာမိတ်ညီနောင်များသည် ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသင်္ဘောပေါ်မှ ရရှိသည့် ဆန်၊ ဆီ၊ ဆားနှင့် ဒီဇယ်များနှင့် လက်နက်ခဲယမ်းများကို ခရိုင်မှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်မှူးထံအပ်နှံခဲ့ကြောင်း၊ ပစ္စည်းများကို ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) တွင် သိမ်းယူပြီးသဖြင့် ယခုမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု KLG PDF ကဆိုစသည်။

ဓာတ်ပုံ-KLG PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကနီမြို့ #ကျောက်လုံးကြီး