ကနီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဟု တော်လှန်ရေးရဲဘော်များဆို

Published on Mar 07, 2024

မြို့သိမ်းတိုက်ပွဲဆင်နေသော စစ်ကိုင်းတိုင်း၊ ကနီမြို့ကို KIA/PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့(မတ် ၆ ရက်) ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း CJ Platform သတင်းဌာန၏ သတင်းရင်းမြစ် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

ယမန်နေ့ ညဦးပိုင်းတွင် လက်ကျန်ဘုရားကုန်းစခန်းမှ စစ်ကောင်စီတပ်များ အလံဖြူပြ အလင်းဝင်ခဲ့ပြီးနောက် ကနီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများရရှိခဲ့ပြီး ၎င်းတို့ကို ထိန်းသိမ်းထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

 

“ ဘုရားကုန်းစခန်း အလံဖြူထောင်ပြီး သိပ်မကြာဘူး။ ဂျက်ဖိုက်တာတွေ လာတာပဲ။ နှစ်ဖက်လုံးကို ရမ်းပစ်တာ။ သူတို့လူတွေလည်း ပစ်တာပဲ။ ဒီဘက်က အထိအခိုက်လုံးဝမရှိဘူး” ဟု မြေပြင်ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

မြို့သိမ်းတိုက်ပွဲကို မတ်လ ၂ ရက်နေ့က စတင်ခဲ့ပြီး ၅ ရက်အကြာ ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တိုက်ပွဲဖော်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

ကနီမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် နှစ်ဦး မြင့်မြတ်စွာအသက်ပေးလှူသွားပြီး ဒဏ်ရာရ ရဲဘော်များပြားကြောင်း ဆေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးထံမှ သိရသည်။

 

ထို့ပြင်ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲပြင်းထန်နေချိန် မြို့တွင်းပိတ်မိကျန်ရစ်ခဲ့သော သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၂၊ ကနီပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ AK ပျောက်ကြားတပ်ဖွဲ့တို့အပါအဝင် ခရိုင်တပ်ရင်းများ၊ မဟာမိတ်ပူးပေါင်းတပ်များက နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – Google