ကနီတွင် စစ်သားနှစ်ဦးအား ကွမ်းယာထဲအဆိပ်ခတ်သည် ဆိုသည့်သတင်း သတင်းအတုသာဖြစ်

Author လင်းခိုင်
Categories
Published on Feb 11, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်သားနှစ်ဦးအား ကွမ်းယာထဲတွင် အဆိပ်ခတ်ပြီး အမျိုးသမီးတစ်ဦးမှ သေနတ် နှစ်လက်ရယူခဲ့သည်ဟု People’s Defence Force Kani အမည်ရှိ Facebook Page မှ တင်ထားခြင်းဖြစ်ကာ၊ ယင်းသတင်းသည် မှားယွင်းနေကြောင်း CJ Platform အယ်ဒီတာများမှ စစ်ဆေးတွေ့ရှိရသည်။

People’s Defence Force Kani အမည်ရှိ Facebook Page တွင် ကွမ်းယာလာဝယ်သည့် စစ်သားနှစ်ဦးကို ကွမ်းယာသည် အမျိုးသမီးတစ်ဦးမှ ကွမ်းထဲ၌ အဆိပ်ခတ်ပြီး ကျွေးခဲ့ရာ အဆိုပါစစ်သားနှစ်ဦး တစ်မိနစ်အကြာတွင် သေဆုံးခဲ့ပြီးနောက် M16 သေနတ်နှစ်လက်၊ ကျည်ဘောက် ၄ခု၊ ကျည်ဆံ အတောင့် ၈၀ ကို ယင်းသို့ထံ လာရောက်အပ်နှံခဲ့သည်ဟု ဆိုထားသည်။

“အခုကိစ္စကို မကြားမိဘူး။ မြို့ထဲမှာလည်း အဲ့သတင်းဘာမှ မကြားဘူး။ မြို့မှာနေတဲ့ သူတွေတောင်ဘယ်သူမှ မသိဘူး”ဟု ကနီမြို့အခြေစိုက် ကျောက်လုံးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း သေချာမှုရှိမရှိသိရှိနိုင်ရန် ကရင်နီမြို့နယ် အခြေစိုက် ဒေသခံများကို စုံစမ်းကြည့်ရာတွင်လည်း တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

“ဒီဖြစ်စဉ်ကို ကနီဒေသခံတွေကို ထောက်လှမ်းခိုင်းတော့ ဖြစ်ပွားခြင်းမရှိဘူးဆိုတာသိရတယ်။ ကနီမြို့က ကျဉ်းကျဉ်းလေး၊ ဖြစ်ပြီဆိုတာနဲ့ အကုန်သိရတယ်။ နောက်တစ်ချက်က သေနတ်ဒင်မှာ ကိုယ်ပိုင်အမှတ်တွေ ရေးထားတာမတွေ့ရဘူး။ ပြီးတော့ သူတို့ စာမျက်နာမှာတင် ပိုစ့်ကို ပြင်ထားတာအများကြီး၊ ပြီးရင် Page ကဖွင့်ထားတာ နှစ်ရက်ပဲရှိသေးတယ်” ဟု တာဝန်ရှိသူက ပြောကြားသည်။

ယင်းတို့ ဖော်ပြထားသည့် သေနတ်ပုံများကိုလည်း CJ Platform မှ ထပ်မံစုံစိစစ်ကြည့်ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ သတင်းဌာန တစ်ခုမှ တင်ထားသည့် ပုံဖြစ်သည်ကိုလည်းတွေ့ရှိခဲ့ရသည့်အပြင် သတင်းတင်ထားသည့် post ကိုလည်း သုံးကြိမ်ထက်မနည်း edit ပြုလုပ်ထားသည်။

ထို့ပြင် People’s Defence Force Kani Facebook Page သို့ CJ Platform သတင်းဌာနမှ ထပ်မံဆက်သွယ်ပြီး မေးမြန်းမှုများ ပြုလုပ်ရာတွင်လည်း seen ပြပြီး ထပ်မံဖြေကြားမှု ပြုလုပ်ခဲ့ခြင်းမရှိတော့ပေ။

ဖိလစ်ပိုင်သတင်းဌာနမှ တင်ထားသည့် ပုံများတွင်လည်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ အမည်ဖြင့် တိုက်ပွဲအတုများဖော်ပြခဲ့သည့် Facebook Page စာမျာက်နှာတွင် ဖော်ပြခဲ့သည့် ပုံများကိုလည်း တွေ့ရှိခဲ့ရသည်။

People’s Defence Force Kani အမည်ဖြင့် Facebook Page နှစ်ခုရှိသော်လည်း တစ်ခုမှ အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည်ကို တွေ့ရှိရသည်။

ယင်းတို့ ဖော်ပြထားသည့်သတင်းတွင်လည်း စစ်ကောင်စီတပ်သားနှစ်ဦးထံမှ M 16 သေနတ် သိမ်းဆည်းရမိခဲ့သည်ဟု ပါရှိသော်လည်း စစ်ကောင်စီတပ်သားများလက်ရှိအသုံးပြုနေသည့်သေနတ်များသည် ကပစ ထုတ် MAစီးရီး သေနတ်များသာ အသုံးပြုနေခြင်းကြောင့် သတင်းမှား တစ်ခုဖြစ်သည်ဆိုသည့် အချက်တစ်ခုလည်းဖြစ်သည်။

ထိုကြောင့် People’s Defence Force Kani နှင့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့၏ Facebook Page စာမျက်နှာများသည် တိုက်ပွဲသတင်းအတုများ ဖော်ပြပြီး ပြည်သူများထံမှ အလှူငွေများ လိမ်လည်နေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်းကိုလည်း CJ Platform မှ ဖော်ထုတ်သိရှိခဲ့ရသည်။