ကနီတွင် စစ်တပ်ရေယာဥ်က ပစ်ခတ်မှုကြောင့် ခရီးသွားစက်လှေပေါ်ရှိ အမျိုးသမီးတစ်ဦး နှလုံးဖောက်သေဆုံး

Author ခေတ်နီ
Categories
Published on Jan 31, 2023

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် အရပ်သားများ လိုက်ပါလာသော စက်လှေတစ်စီးကို စစ်ကောင်စီရေယာဥ်မှ ပစ်ခတ်တာကြောင့် ခရီးသွား အမျိုးသမီးတစ်ဦး နှလုံးဖောက် သေဆုံးသွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ် ယင်းယိင်ကျေးရွာသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စက်လှေတစ်စီးကို ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကနီမြို့နယ် သပြေတောကျေးရွာအနီး၌ စစ်ကောင်စီတပ်၏ ရေယာဥ်မှ ပစ်ခတ်ခဲ့တာပဲ ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသည့် မမာမာဝင်းဆိုသူ အမျိုးသမီးမှာ နှလုံးဖောက် သေဆုံးသွားခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှ သေဆုံးသူ၏ မိသားစုအား ၎င်းတို့အခြေချရာ သပြေတောရွာကို ခေါ်ဆောင်ပြီး စက်လှေအား ယင်းယိင်ရွာသို့ ဆက်လက်မဆန်တက်စေပဲ အောက်ဖက်သို့ ပြန်လည် စုန်ဆင်းစေခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် မမာမာဝင်းသည် နှလုံးရောဂါ အခံရှိသူဖြစ်ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ကြောက်လန့်ကာ နှလုံးဖောက်သေဆုံးခဲ့တာဖြစ်ကြောင်း ၎င်း၏ရုပ်အလောင်းကို ယင်းမာပင်မြို့ရှိ ကျေးရွာတစ်ရွာတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါဒေသတဝိုက်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး နေရပ် မပြန်နိုင်သေးကြောင်းလည်း သိရသည်။

“ရှောင်တိမ်း နေရတာတွေလည်းရှိတယ် အဓိက ကတော့ စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေရယ် နေရပ်မပြန်ရသေးပဲ စားဝတ်နေရေး ဒုက္ခရောက်နေကြတာတွေ ဒါတွေတော့ရှိတယ်ဗျ”ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဒေသတဝိုက်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပြင်းထန်လေ့ရှိသည့် နေရာများဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ရက်နေ့မှာလည်း မြရိပ်ကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ယင်းမာပင် #ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဉ်