ကနီတွင် စစ်တပ်ရိက္ခာတင်သင်္ဘော တိုက်ခိုက် သိမ်းပိုက်ခံရပြီး စစ်သား ၂ ဦးသေ

Author ခေတ်နီ
Categories
Published on Jan 04, 2023

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို တိုက်ခိုက်သိမ်းယူပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မုံရွာမြို့မှ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင် အမြန်ယာဥ်တစ်စီးနှင့် စစ်အင်အား၇၀ပါ အမြန်ယာဥ်တစ်စီးကို ယမန်နေ့ည ၈ နာရီခန့်မှာ ကနီမြို့နယ် ငါးဖျတ်အနီးမှာ DRPAနှင့်KGL ကျောက်လုံးကြီး တပ်မဟာတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုသည် ၂ နာရီနီးပါးခန့်ကြာမြင့်ခန့်ပြီး စစ်ကောင်စီ၏ ရိက္ခာတင် အမြန်ယာဥ်အား ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ကာ ထိုအမြန်ယာဉ်ပေါ်မှ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းနှင့်အတူ ဆန်အိတ် ၈၂ အိတ်၊ပဲ ၁၀ အိတ် ၊စားဆီပုံး ၁ ပုံး ၊စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီအမြားအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“မုံရွာကနေ တက်လာရင်း ငါးဖျတ်နားမှာ ရိက္ခာသင်္ဘောက သောင်တင်တာ အဲ့မှကျတော်တို့က ပစ်တာပေါ့ ပစ်မှတ်သေဖြစ်နေတော့ အဲ့က လုံခြုံရေးယူထားတဲ့ကောင်တွေထဲကက ၂ ကောင်သေတယ် ကျန်တဲ့သူတွေက လက်နက်တွေပါယူပြီး သူ့အရှေ့က လူပါတဲ့ သင်္ဘောကိုကူးပြေးကြတာပေါ့ အဲ့သင်္ဘောကလဲ ခုထိ ငါးဖျတ်နားမှာ သောင်တင်တုန်းပဲ လက်နက်အပြည့်နဲ့ဆိုတော့ ကပ်ဖို့သိပ်မလွယ်ဘူး မိတဲ့ ရိက္ခာသင်္ဘောက ပစ္စည်းတွေကတော့ ၂ဖွဲ့ခွဲယူလိုက်တယ် တခြားစက်ပစ္စည်းတွေလဲ ဖြုတ်ယူထားလိုက်တယ် သင်္ဘောကတော့ သုံးမရတော့လို့ မီးရှို့ခဲ့လိုက်တယ် ပုံတွေကတော့ ခုထိ ကျတော်တို့လဲမရသေးဘူး လိုင်းနဲ့စစ်ရေးအခြေအနေက မငြိမ်သေးဘူး”ဟု DRPAမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်၏အင်အား ၇၀ ခန့်ပါသော အမြန်ယာဉ်သည် ငါးဖျတ်တွင် သောင်တင်နေဆဲဖြစ်တာကြောင့် ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးသတိဖြင့် နေကြရန် DRPAမှ တိုက်တွန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကနီမြို့ #စစ်အုပ်စုရေယာဉ် #အတိုက်ခံရ