ကနီတွင် စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို DRPA တိုက်ခိုက်

Author ခေတ်နီ
Categories
Published on Oct 15, 2022

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးနှင့် အမြန်ရေယာဥ်တစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်သို့ ဆင်းလာသော စစ်ကောင်စီတပ်ရေယာဉ်နှစ်စီးကို DRPAအဖွဲ့က ကနီမြို့အနားမှာရှိသည့် ငါးဖြတ်နေရာမှာ ယမန်နေ့ အောက်တိုဘာလ ၁၄ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဖြစ်တာက မနေ့ကဖြစ်တာ အထက်ကစုန်ဆင်းလာတဲ့နှစ်စီးပေါ့ မနေ့ကနေရာ သုံးခုလောက်မှာဖြစ်ကြတာ ကျနော်တို့က ငါးဖြတ်နေရာမှာတိုက်တာ ပုံမှန်ဆိုရင်တော့ ဒီလိုရေယာဥ်တွေကိုပစ်လေ့မရှိဘူးပေါ့ စစ်သင်္ဘောပါ ပါလာရင်တော့ စစ်ရေးပစ်မှတ်အဖြစ် ပစ်လေ့ရှိတယ် သူတို့ကအရင်ကဆို ကနီကိုဝင်တယ် အခုကတိုက်ရိုက်စုန်ဆင်းလာတာ အင်အားနည်းလို့ ထင်တယ်”ဟု DRPA၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြသည်။

အဆိုပါ ထိတွေ့မှုအတွင်း စစ်ကောင်စီ၏ ရေယာဥ်အုပ်စုမှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ချင်းတွင်းမြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာများကို စစ်ကောင်စီ၏ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့သည်။