ကညန ယာဉ်စစ်ဌာန မနက်ဖြန်စဖွင့်မည်၊ မှန်ကန်မှုမရှိသည့် ယာဉ်နှင့် အုံနာဘုတ်များသိမ်းမည်

Author ကိုထက်
Categories
Published on Sep 05, 2023

ကိုဗစ်ကာလမှစတင်၍ နှစ်အတော်ကြာ ရပ်နားထားသော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)၏ မော်တော်ယာဉ်စစ်ဆေးသည့် လုပ်ငန်းစဉ်များကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်၍ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း ကညနက ထုတ်ပြန်သည်။

ထို့သို့စစ်ဆေးရာတွင် မမှန်မကန် ပြုလုပ်ထားသည်များ တွေ့ရှိပါက ယာဉ်နှင့် အုံနာဘွတ်ခ်နှစ်မျိုးလုံးအား သိမ်းဆည်းမည်ဖြစ်ကြောင်း ကညန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မနက်ဖြန်(စက်တင်ဘာ ၆)ကစလို့ Online Booking တင်နိုင်မယ်။ ခရိုင်ရုံး တစ်ရုံးမှာ ကားအစီး ၅၀ ခန့်ကို ပြောင်းလဲခြင်း ကိစ္စရပ်များနဲ့ ယာဉ်မှန်၊ မမှန် စစ်ဆေးပါမယ်။ မော်တော်ယဉ် မှန်၊ မမှန် စစ်ဆေးမယ်။ ယာဉ်မှားယွင်းရင် ယာဉ်နဲ့အတူ အုံနာဘုတ်စာအုပ်ပါ သိမ်းဆည်းပါမယ်” ဟု မြင်သာကညနရုံးမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် မော်တော်ကား အရောင်းအဝယ် ပြုလုပ်ခြင်းများအတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီးနောက် ပြင်ပတွင်သာ နည်းလမ်းအမျိုးမျိုးဖြင့် ယာဉ်စစ်ဆေး ရောင်း၊ ဝယ်ခြင်းများ ပြုလုပ်သူများလည်း ရှိခဲ့သည်။

“လိုင်စင်သက်တမ်းတိုးဖို့က အခုကားပါစစ်မယ်ကြားတယ်။ ကျွန်တော်တို့က ပွဲစားနဲ့ပဲလုပ်တာဆိုတော့ ပွဲစားတွေနဲ့ သူတို့ကြား ဘယ်လိုတွေညှိပြီး ပိုက်ဆံတွေတောင်းဦးမလဲမသိဘူး။ တစ်ခုခုကားမှာ အပြစ်ရှိတာတွေ့ရင် ကားရော၊ အုံနာဘုတ်ပါ သိမ်းမယ်ပြောတယ်” ဟု ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမည့်သူတစ်ဦးက ပြောသည်။

ယာဉ်စစ်ကင်းလွတ်ခွင့်နှင့် သက်တမ်းတိုးပေးခြင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်ပြီး ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာတို့တွင် တစ်ကြိမ်စီနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်နှင့် စက်တင်ဘာလတို့တွင် တစ်ကြိမ်စီ ယာဉ်စစ်ကင်းလွတ်ခွင့်ကို ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

လက်ရှိကားဈေးကွက်အတွင်း ကားဈေးနှုန်းများ အဆမတန် မြင့်မားလျက်ရှိပြီး ထိုယာဉ်စစ်ဌာန ပြန်လည်ဖွင့်လှစ်မည့် သတင်းကြောင့် ကားရောင်းဝယ်သူအချို့က စောင့်ကြည့်နေကြောင်း သိရသည်။

“ကားဈေးကွက်ကို ဘာမှမဖြစ်စေပါဘူး။ ယာဉ်စစ်တော့ အမှားနည်းသွားတာပေါ့။ အထူးသဖြင့် မော်ဒယ်နိမ့်ကားတွေအတွက် ပိုကောင်းပါတယ်။ ဂျင်းထည့်ရောင်းတဲ့သူတွေတော့ ပိုခက်သွားမှာပေါ့” ဟု မြန်မာပြည်ကားဈေးအတွင်း နာမည်ရ ကားလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။