ကစားသမားတွေ စိတ်ဒဏ်ရာမရစေဖို့ ပင်နယ်တီကန်သွင်းမှုကို ဂိုးသမားမပါဘဲလေ့ကျင့်နေတဲ့ အင်္ဂလန်အသင်း

Author မောင်ရှမ်း
Categories
Published on Nov 19, 2022

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂါရတ် ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအနေနဲ့ ပင်နယ်တီအဆုံးအဖြတ်ကန်ဖို့ ကြုံလာခဲ့ရင် ကစားသမားတွေအနေနဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးမဖြစ်အောင် လက်ရှိအချိန်မှာတော့ ဂိုးသမားမပါဘဲ လေ့ကျင့်နေခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ပတ်သက်လာရင် ကံဆိုးလေ့ရှိပြီး အနီးစပ်ဆုံးအနေနဲ့ ယူရို ၂၀၀၄ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတို့မှာ ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရသလို ၂၀၁၂ ယူရိုမှာလည်း အီတလီကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲမှာဆိုရင်လည်း ဗိုလ်လုပွဲအဆင့်ထိတက်ရောက်နိုင်ခဲ့သလို အိမ်ကွင်းဝင်ဘာလေမှာ အီတလီကို လက်ခံကစားခဲ့ရပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ဆုဖလားကိုင်မြှောက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းရဲ့ ဂိုးသမား ရမ်စ်ဒေးလ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး “ကစားသမားတွေက ကျွန်တော်တို့နဲ့ ပင်နယ်တီလေ့ကျင့်တဲ့အခါ ၁၀ ကြိမ်မှာ ၇ ကြိမ်လောက်ကို သူတို့ ဘယ်လိုကန်မလဲဆိုတာ ကျွန်တော်တို့က သိနေတဲ့အခါ သူတို့မှာ စိုးရိမ်စိတ်တွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ ဂိုးသမားမပါဘဲနဲ့ ပင်နယ်တီကန်သွင်းမှုကို လေ့ကျင့်နေကြပါတယ်။ ထောင့်ကျဉ်းတွေထဲကို ကန်သွင်းရတာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။