ကချင်တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနား-ဖားကန့် ခရီးသွားလာရေးခက်ခဲပြီး ကားခဈေးနှုန်းမြင့်တက်

Author အေတီ
Categories
Published on Mar 12, 2024

ကချင်ဒေသအတွင်း ယခုရက်ပိုင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားလာမှု အခက်အခဲများစွာဖြစ်ပေါ်ပြီး ကားခဈေးနှုန်းများ မြင့်တက်နေကြောင်း အဆိုပါလမ်းကြောင်းသို့ သွားလာနေသည့် ခရီးသွားများနှင့် ယာဉ်လိုင်းအသင်းများထံမှ သိရသည်။

 

တိုက်ပွဲများဖြစ်နေသော်လည်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနှင့် မန္တလေး-ဆိုင်းတောင်-ဖားကန့်လမ်းပိုင်းတို့သို့ ခရီးသွားကားများပြေးဆွဲနေဆဲဖြစ်သည်။ သို့သော်တိုက်ပွဲအခြေအနေပေါ်မှုတည်ကာ သွားလာရမှုကြောင့် ယခင်ထက်ခရီးသွားရက် ကြာရှည်သကဲ့သို့ ခရီးစရိတ်လည်း ယခင်ကထက် ပိုမိုကုန်ကျနိုင်ကြောင်း ခရီးသွားပို့ဆောင်ရေး ယာဉ်လိုင်းအသင်းဝင်များက ပြောသည်။

 

“ကားလေးတွေနဲ့ သွားလာမှုကတော့ရှိပါတယ်။ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့သိရရင် ရောက်တဲ့နေရာမှာ စောင့်ပြီးသွားရတဲ့အနေထားဆိုတော့ အရင်ထက်စာရင် ခရီးစဉ်နှောင့်နှေးကြန့်သွားတာပေါ့။ တိုက်ပွဲမရှိရင်တော့ ဖားကန့်-ဆိုင်းတောင်ကို တစ်ညအိပ်နဲ့ တစ်ရက်ပါပဲ။ တိုက်ပွဲနဲ့ကြုံလို့ စောင့်ရရင်တော့ အခြေအနေပေါ်မှုတည်ပြီး ကြာတတ်တယ်။ ဘယ်လောက်ကြာလဲဆိုတာတော့  အတိကျပြောလို့မရဘူး” ဟု မန္တလေး-ဖားကန့်ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းအသင်း ဂိတ်မှူးတစ်ဦးက CJ Platform သို့ ပြောသည်။

လတ်တလော မန္တလေး-ဆိုင်းတောင်-ဖားကန့်လမ်းပိုင်းကို လူစီးယာဉ်ကားသေးအမျိုးအစားများဖြစ်သည့် AD Van နှင့် Ipsum တို့ဖြင့် ပြေးဆွဲလျက်ရှိရာ ယခင်က ခေါင်းခန်းကို တစ်ဦးလျှင် ၁၅၀,ဝ၀ဝ ကျပ်မှ ယခုအခါ ၁၈၀,ဝ၀ဝ ကျပ်သို့လည်းကောင်း၊ အနောက်ခန်းကို ယခင်က တစ်ဦးလျှင် ၁၃၀,ဝ၀ဝ ကျပ်ရှိရာမှ ၁၅၀,ဝ၀ဝ ကျပ်အထိ ကားခဈေးနှုန်းများမြင့်တက်လာကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

 

“လမ်းတွေ ပိတ်တဲ့နေရာတော့ ပိတ်တယ်။ ကချင်ပြည်နယ်ကို ကားလေးတွေပဲ ကွင်းလမ်း(သစ်ထုတ်လမ်း)တွေက အရဲစွှန့်သွားနေကြတာရှိတယ်။ ကားကြီးတွေကတော့ ပိတ်လိုက်ဖွင့်လိုက်ပါပဲ။ ကုန်ဈေးနှုန်းတွေကတော့ အဆမတန်မြင့်တက်လာပါပြီ” ဟု ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါလမ်းကြောင်းမှ သွားလာခဲ့သည့် ခရီးသွားတစ်ဦးက ပြောသည်။

 

ယခုရက်ပိုင်းအတွင်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို အနည်းဆုံး နှစ်ညအိပ်ခရီးသွားလာရတတ်ပြီး ခရီးသွားများအနေဖြင့် တည်းခိုခန်း၊ နီးစပ်ရာရွာများ၊ ကားလမ်းဘေး၊ ကားပေါ် စသဖြင့် အဆင်ပြေသည့်နေရာများတွင်သာ တည်းခိုသွားလာရခြင်းကြောင့် လုံခြုံမှုမရှိသည့်အတွက် မဖြစ်မနေမှသာ ခရီးသွားလာသင့်ကြောင်း ခရီးသွားခဲ့ဖူးသူများက အကြံပြုပြောကြားသည်။

 

ထို့ပြင် အထက်ပါခရီးလမ်းကြောင်းရှိ ဟိုပင်အနီးက ရှမ်းနီဂိတ်သည် မှတ်ပုံတင်(၅/)ကိုင်ဆောင်သည့် လူငယ်များတွေ့ရှိပါက ကားပေါ်မှဆင်းခိုင်းပြီး ငွေညှစ်လေ့ရှိကြောင်း၊ မပေးနိုင်သည့်လူငယ်များကို စစ်သားစုဆောင်းရေးသို့ပို့ဆောင်သည်ဟု ခရီးသွားများ၏ ပြောဆိုချက်အရ သိရသည်။

 

ကချင်ဒေသသို့ခရီးသွားလာမှုတွင် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း လမ်းကြောင်းနှစ်ခုရှိရာ လက်ရှိတွင် အဆိုပါဒေသ စစ်ရေးအခြေအနေများအရ လမ်းကြောင်းနှစ်နေရာလုံး ခရီးသွားများအတွက် လုံခြုံမှုမရှိကြောင်း သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်(KIA)သည် မတ်လ ၇ ရက်နေ့မှစတင်၍ ကချင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ခဲ့သည်။ ယခု ခြောက်ရက်အတွင်း စခန်းအမြောက်အမြားသိမ်းဆည်းရရှိသကဲ့သို့ ယမန်နေ့က စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi35 တစ်စီးကို ပစ်ချနိုင်ခဲ့သည်။