အမေရိကန်ပြည်ထောင်စုတွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ၂၂ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ လူးဝစ်တန်ဒေသမှာ ဗုဒ္ဓဟူးနေ့ ညပိုင်းက သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် ၂၂ ယောက်သေဆုံးခဲ့ရပြီး အယောက် ၅၀ ကနေ ၆၀ ကြား ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
အဲဒီသေနတ်သမားဟာ လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘိုးလင်းကွင်းနှင့် ဘားအပါအဝင် အခြားနေရာအတော်များများမှာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ လူးဝစ်တန် ရဲတပ်ဖွဲ့ရဲ့ အဆိုအပေါ် NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လူးဝစ်တန်ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုကို ကျူးလွန်သူလို့ သတ်မှတ်နိုင်တဲ့ အသက် ၄၀ အရွယ် ရောဘတ်ကာ့ဒ် (Robert Card)အမည်ရ သံသယရှိသူတစ်ဦးကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ သံသယရှိသူဟာ လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆရနိုင်ပြီး အန္တရာယ်ရှိတယ်လို့လည်း သူတို့က ဆိုပါတယ်။
ရဲတပ်ဖွဲ့က Semi-automatic ရိုင်ဖယ်သေနတ် တစ်လက် ကိုင်ဆောင်ထားတဲ့ အတည်မပြုနိုင်တဲ့ သံသယရှိသူတစ်ဦးရဲ့ ဓာတ်ပုံ သုံးပုံနဲ့ SUV အဖြူရောင်ကားတစ်စီးရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်ကနေ မျှဝေခဲ့တာဖြစ်ပြီး အနီးအနားက ပြည်သူတွေကိုလည်း ဒီဓာတ်ပုံတွေကို ကူညီအတည်ပြုပေးဖို့ တောင်းဆိုထားပါသေးတယ်။
အန်ဒရိုစကော့ဂင် ကောင်တီရုံး(The Androscoggin County)ကလည်း သံသယရှိသူလို့ ယူဆရတဲ့ သူရဲ့ ဓာတ်ပုံတွေကို တင်ထားခဲ့ပြီး အဲဒီဓာတ်ပုံတွေထဲမှာ အညိုရောင်အနွေးထည်နဲ့ ဂျင်းဝတ်ဆင်ထားတဲ့ မုတ်ဆိတ်မွေးပါ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရိုင်ဖယ်တစ်လက်ကို ကိုင်ပြီး ပစ်ခတ်နေတဲ့ အနေအထားမှာရှိနေတာပါ။
လူးဝစ်တန်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ ဒီပစ်ခတ်မှုက မတူညီတဲ့ နေရာသုံးခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Sparetime Recreation အမည်ရ ဘိုးလင်းပစ်ကွင်း၊ Schemengees Bar & Grille Restaurant နဲ့ ဝေါလ်မတ် (Lewiston) ကုန်ဖြန့်ချိရေးစင်တာတို့ ပါဝင်ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ ပစ်ခတ်မှုဖြစ်ထားတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပြီး ဒေသခံပြည်သူတွေကိုလည်း မိမိအိမ်အတွင်းမှာ တံခါးကို သော့ခတ်ပြီး သတိထားနေဖို့ မှာကြားထားပါတယ်။
အကယ်၍ ဒီ ၂၂ ယောက်သေဆုံးတဲ့ ကိစ္စကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ၂၀၁၉ ခုနှစ်က အယ်လ်ပါဆိုသေနတ်ပစ်ခတ်မှုအပြီး အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအဖြစ် သမိုင်းဝင်မှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ် အခုလိုပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ကိုဗစ်ကာလ ၂၀၂၀ ကစလို့ လေးဦးနဲ့ အထက် ပစ်ခတ်မှုကြောင့် သေဆုံးတာ ၂၀၂၂ မှာ အကြိမ် ၆၅၀ ဖြစ်ပွားခဲ့ပြီး ဒီနှစ် ၂၀၂၃ မှာတော့ အကြိမ် ၆၈၀ နီးပါးထိ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုထားပါတယ်။
အမေရိကန်သမိုင်းတစ်လျှောက် အသေအပျောက်အများဆုံး ပစ်ခတ်မှုက ပြီးခဲ့တဲ့ ၂၀၁၇ က ဂီတပွဲတော်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅၈ ယောက် သေဆုံးခဲ့ပါတယ်။