မြန်မာ့ အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းမှ ပြေလည်မှုရရှိနိုင်မည်ဖြစ်ကြောင်း NLD ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 08, 2022

မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းမှသာ ပြေလည်မှုရရှိနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယနေ့ထုတ်ပြန်ထားသည်။

၂၀၂၀ နို၀င်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီး နှစ်နှစ်ပြည့် နှင့်ပတ်သက်ပြီး NLD ၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၉၁ပါတီရှိပြီး အနိုင်ရပါတီ ၁၉ ပါတီနှင့် တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူများမှ တိုင်းနှင့်ပြည်နယ် ၂ နေရာ၊ တိုင်းရင်းသားရေးရာ၀န်ကြီး ၂ နေရာအနိုင်ရရှိခဲ့ကြောင်း၊ နိုင်ငံတဝှမ်း မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ နယ်ရှိရာတွင် စုစုပေါင်း ၁၁၁၇ နယ်ကျင်းပနိုင်ခဲ့ပြီး ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၉၂၀ တွင် အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂ဒသမ၄ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ယင်းတို့ လိုချင်သည့် ရလဒ်ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်းမှားယွင်းသည်ဟု လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖော်ပြီး နိုင်ငံတော်အာဏာကို အဓမ္မလုယူကာ ပါတီခေါင်းဆောင်များကို မတရားဖမ်းဆီးထိမ်းသိန်းခဲ့ပြီး တိုင်းပြည်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေကာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အာဏာလုစစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များနှင့် လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးအပါအ၀င် အဖွဲ့ချုပ်၀င် စုစုပေါင်း ၁၁၆၉ ဦး ကိုဖမ်းဆီးထားပြီး၊ ဖမ်းဆီးထားစဉ်ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအ၀င် ၆၇ ဦးရှိကြောင်း၊ ပါတီရုံးများ ကျူးကျော်၀င်ရောက်မှု ၁၂၀ ကြိမ်ရှိပြီး ပါတီ၀င် ၂၇၄ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦးပါ၀င်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရား၀င်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံမှု ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေသည်ကို တွေ့ရသဖြင့် လုံး၀အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံးရွေးချယ်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် လွှတ်တော်အဆင့်ဆင့် တရား၀င်တည်ရှိနေသဖြင့် အတုအယောင်ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်း NLD ကဆိုသည်။

ထို့ကြောင့် အာဆီယံအပါအ၀င် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မြန်မာနိုင်ငံရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား ဆုတ်ယုတ်ကျဆင်းနေမှုများကို ကူညီဖြေရှင်းပေးရန် ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် အပါအ၀င် မြန်မာ့အရေး ဆိုင်ရာ ကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြသနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု ယုံကြည်ကြောင်း NLD ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ- google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

Related News

Depend on news