ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၊ ၁၃ရက်နေ့ထိ မြန်မာနိုင်ငံအနှံ့မိုးရနိုင်

Published on Sep 08, 2022

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး ၎င်းကြောင့် စက်တင်ဘာ ၁၃ရက်ထိ မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

“အခု ဖြစ်ပေါ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းက လေဖိအားနည်းရပ်ဝန်းနဲ့ ထိုင်းနိုင်ငံဘက်က ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းများရဲ့ သက်ရောက်မှုကြောင့်စက်တ င်ဘာလ ၁၂- ၁၃ ရက်များအထိ မြန်မာနိုင်ငံတဝှမ်းမှာ နေရာအနှံ့အပြား မိုးဆက်လက်ရွာသွန်းနိုင်မှာဖြစ်ပြီး အချို့နေရာဒေသတွေမှာတော့ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်ဝန်းကျင်မှာ မိုးသည်းထန်နိုင်ပါလိမ့်မယ်”ဟု ဦးဝင်းနိုင်က ပြောကြားသည်။

မိုးသည်းထန်ပြီး တောင်ကျချောင်းရေ ကျဆင်းခြင်း ရေကြီးရေလျှံခြင်းနှင့် မိုးကြိုးအန္တရာယ်ကိုလည်း သတိပြုရန်လိုကြောင်း ၎င်းကဆိုသည်။

စက်တင်ဘာ ၈ရက်နေ့လည် တစ်နာရီမိနစ် ၃၀အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်ကမိုးသက်လေ ပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်သည်။