ညီညွတ်အားကို စစ်ကောင်စီ မခံနိုင်ဘဲ အောင်ပွဲသည် လက်တကမ်းမှာသာ ရှိတော့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးပြောကြား

Author လင်းခိုင်
Categories
Published on Nov 09, 2022

ညီညွတ်အားကို စစ်ကောင်စီ မခံနိုင်ဘဲ အောင်ပွဲသည် လက်တကမ်းမှာသာ ရှိတော့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဦးရည်မွန်က ယနေ့ ရေဒီယို NUG မှ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အားလုံး သဘောတူမျှတဲ့ ဘုံပန်းတိုင် တစ်ခုပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းက နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့အချက်ဖြစ်တယ်။ ညီညွတ်တဲ့အားကို စစ်ကောင်စီ ဘယ်လိုမှ ခံနိုင်မယ်မထင်ဘူး။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မယ်။ ပြီးရင်လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှတဲ့ လူ့ဘောင်ကို တည်ထောင်ကြမယ်ဆိုတဲ့ ငါတို့ရဲ ပန်းတိုင်ဟာ ရှင်းလင်းပြတ်သားတယ်။ ငါတို့ ညီညွတ်ရင် အောင်ပွဲက လက်တကမ်းမှာပဲရှိလိမ့်မယ်” ဟု ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

ပြည်သူများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၊ ရွှေဝါရောင် အရေးတော်ပုံတို့သည် ထင်ရှားခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများပေးခဲ့သည့် မဲသည် စစ်အာဏာရှင်စနစ်ကို လုံး၀ လက်မခံ၊ ဒီမိုကရေစီကိုသာ လိုလားသည်ဆိုသည့် ဆန္ဒကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောသည်။

နိုင်ငံရေးတွင် စစ်တပ် ပါစရာမလိုကြောင်း၊ နိုင်ငံရေးတွင် စစ်တပ်ပါရမည်ဆိုသည့် အတွေးအခေါ်သည် ယုတ္တိမရှိကြောင်း၊ စစ်တပ်သည် နိုင်ငံရေးနှင့် ကင်းကင်းနေရမည်ဖြစ်ကြောင်း ဦးရည်မွန်ကဆိုသည်။

“ စစ်တပ်ဟာ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်။ စစ်တပ်ဟာ စစ်တပ်နေရာနေ၊ စစ်တပ် အလုပ်ပဲ လုပ်ရမယ်။ သူ့အလုပ်က နိုင်ငံကို ကာကွယ်ဖို့ပဲ၊ စစ်တပ်ပါ၀င်မှုကင်းရှင်းတဲ့ ဒီမိုကရေစီ စစ်စစ်အတွေးအခေါ်ဟာ ပြည်သူလူထုကြား ပိုပြီးအားကောင်းလာခဲ့တယ်” ဟု ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က ပြောကြားသည်။

အတွေးအခေါ်တိုက်ပွဲတွင် စစ်အာဏာရှင် ဝါဒ အရေးနိမ့်ပြီး ဆိုတာ သတိပြုမိသည့်အတွက် ဥပဒေချိုးဖောက်ပြီး မိုက်မိုက်မဲမဲ အာဏာသိမ်းခဲ့ကြောင်း၊ ဘုရားစင်ပျောက်မှာ စိုးလို့ စစ်တပ်က အာဏာသိမ်းရသည်ဆိုသည့် စိတ်ကစင့်ကလျားပြောဆိုချက်များကို ကြားရကြောင်း၊ စစ်ကောင်စီတွင် ပြည်သူဆိုတာမရှိဘဲ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူမှန်သမျှ သူတို့ရန်သူသာဖြစ်ကြောင်း ဦးရည်မွန်က ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ- ဦးရည်မွန် Facebook

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

Related News

Depend on news