စစ်တွေက DMG သတင်းဌာနရုံးကို စစ်ကောင်စီတပ်သားများဝင်စီး၊ သတင်းသမား ၁ ဦးနှင့် ရုံးစောင့် ၁ ဦး ဖမ်းဆီးခံရ

Author မင်းထက်
Categories
Published on Oct 30, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အခြေစိုက် Development Media Group(DMG)သတင်းဌာန ရုံးချုပ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက် ၁ ဦးနှင့် ရုံးစောင့် ၁ ဦးကို ဖမ်းဆီးခံရကြောင်း DMG ကထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ စသုံးလုံး၊ SB အထူးသတင်း တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စစ်သား ၂၀ ဦးခန့်ပါ ကား ၃ စီးဖြင့် လာရောက်ခဲ့ပြီး ရုံးသုံးကင်မရာ၊ ကွန်ပျူတာများကို သိမ်းဆည်းသွားသည့်အပြင် သတင်းဌာနရုံးချုပ်ကိုလည်း ချိတ်ပိတ်သွားခဲ့ကြောင်း DMG က ဆိုသည်။

လတ်တလော စစ်ကောင်စီက ဖမ်းဆီးသွားသည့် DMG သတင်းထောက်နှင့် ညစောင့်တို့ကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းဆီးသည့် အကြောင်းအရင်းကို တိတိကျကျမသိရသေးကြောင်း DMG က ဆိုသည်။

ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနသည် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာတို့အပါအဝင် ရခိုင်ပြည်အရေးကိစ္စများနှင့်ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်းဌာနတစ်ခုဖြစ်၍ ယခုလုပ်ရပ်ကို DMG အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံအတွင်း သတင်းသမားများသည် လုံခြုံမှုကင်းမဲ့နေပြီး စစ်ကောင်စီ၏ ပစ်မှတ်ထား ဖမ်းဆီးထောင်ချခြင်းများ ကျူးလွန်ခံနေရသည်။

Related News

Depend on news