ကာဒစ်ရှ်ပြည်သူ့စစ်နေရာများကို တူရကီ ဗုံးကြဲ
တူရကီမြို့တော် အန်ကာရာရှိ ပြည်ထဲရေးဝန်ကြီးရုံးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့မနက်ပိုင်းက ကာဒစ်စတန်အလုပ်သမားပါတီ(PKK)က အကြမ်းဖက်သမားများက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တူရကီဘက်က ဆိုသည်။
ထို့နောက် တူရကီက လက်တုံ့ပြန်သည့်အနေဖြင့် မြောက်အီရတ်ရှိ ကာဒစ်ရှ်ပစ်မှတ်နေရာများကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့က ကြေညာသည်။
PKK နှင့် ဆက်စပ်ပတ်သက်နေသည့် ပစ်မှတ်နေရာ ၂၀ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုအထဲ ဂူများ၊ အကာအကွယ်အဆောက်အအုံများနှင့် သိုလှောင်ရုံများ ပါဝင်ကြောင်း တူရကီဘက်က ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခု လေကြောင်းတိုက်ခိုက်မှုအတွင်း PKK အကြမ်းဖက်သမား အရေအတွက်အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အီရတ်-ကာဒစ်ရှ် (Iraqi-Kurdish)နယ်မြေက ဆီဒါကန်မြို့တော်ဝန် အစ်ရှန် ချလာဘီ (Ihsan Chelabi)ကတော့ “တူရကီစစ်တပ်က လေယာဉ်တွေက တနင်္ဂနွေနေ့ညပိုင်း ကိုးနာရီခွဲလောက်ကစပြီး ဘရက်ဒေါ့စ်တ်(Bradost)ဒေသကို ဗုံးတွေစကြဲတယ်။ ဘက်ဒရန်ကျေးရွာ(Badran)ကိုရောပဲ” လို့ AFP က မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
လက်ဝဲဝါဒီ PKK ပြည်သူ့စစ်အုပ်စုသည် တူရကီ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည်။
ကာ့ဒ်လူမျိုးများသည် အရေအတွက်အားဖြင့် လူဦးရေ ၃၅ သန်းကျော်ရှိပြီး တူရကီ၊ ဆီးရီးယား၊ အီရတ်နှင့် အီရန်နိုင်ငံတို့တွင် အများဆုံးနေထိုင်ကြသည်။
လွန်ခဲ့သည့် နှစ်များမှစ၍ တူရကီသည် အီရတ်နှင့် ဆီးရီးယားရှိ ကာဒစ်ရှ်ပြည်သူ့စစ်အုပ်စုများကို ပစ်မှတ်ထား ချေမှုန်းလာကြသည်။
ပြီးခဲ့သည့် ဧပြီအတွင်းကလည်း PKK နှင့် ဆက်နွယ်နေသည်ဟုယူဆရသည့် လူ ၁၁၀ ဦးကို စစ်ဆင်ရေးတစ်ခုအနေဖြင့် ဖမ်းဆီးခဲ့ဖူးသည်။
ယခု လေကြောင်းတိုက်ခိုက်မှုသည် အောက်တိုဘာ ၁ ရက် တနင်္ဂနွေနေ့က အစိုးရအဆောက်အအုံရှေ့တွင် အသေခံဗုံးဖောက်ခွဲခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်တွင် တူရကီရဲအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အကြမ်းဖက်သမားနှစ်ဦးစလုံး သေဆုံးခဲ့သည်။
တူရကီပါလီမန်ဖွင့်ပွဲမစမီနာရီပိုင်းအလိုတွင်ဖြစ်ပွားခဲ့သည့် PKK ၏ အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် ၎င်းတို့တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။
တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း၌ပင် တူရကီသမ္မတက အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ရည်ရွယ်ချက်ကို မည်သည့်အချိန်မျှ ရရှိလာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဓာတ်ပုံ- ABC News