ကမ္ဘာကျော် ဂီတဖျော်ဖြေပွဲများဖြစ်သည့် “Summer Sonic” နှင့် “Tomorrowland” ဂီတပွဲများကို ကျင်းပခွင့် ရခဲ့သည့် ထိုင်းနိုင်ငံ

Author အဂ္ဂ
Categories
Published on Mar 24, 2024

ထိုင်းနိုင်ငံသည် ကမ္ဘာကျော် ဂီတဖျော်ဖြေပွဲများဖြစ်သည့် “Summer Sonic” နှင့် “Tomorrowland” ဂီတပွဲများကို ကျင်းပခွင့် ရခဲ့သည့် ပထမဦးဆုံး အာဆီယံနိုင်ငံဖြစ်လာမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင်ဝချရွန်ကီ (Chai Wacharonke) က သောကြာနေ့ (မတ်လ ၂၂ ရက်)တွင် ပြောကြားခဲ့ကြောင်း ထိုင်းဒေသတွင်း မီဒီယာများ၏ ဖော်ပြချက် အရသိရသည်။

 

ဂျပန်နိုင်ငံတွင် ၂၀၀၀ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့သည့် “Summer Sonic” ဂီတဖျော်ဖြေပွဲသည် ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ နွန်သဘူရီခရိုင် (Nonthaburi) ခရိုင်ရှိ Impact Muang Thong Thani နေရာတွင် ကျင်းပရန်စီစဉ်ထားသည်ဟု Chai က ပြောသည်။ ထို့ပြင်  စဉ်ဆက်မပြတ် ကျင်းပနေသည့် အောင်မြင်ကျော်ကြားသော ဂီတပွဲတော်သည် အာဆီယံနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ ပြင်ပတွင် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်ဟု ထပ်လောင်းပြောကြားသည်။

 

ကမ္ဘာကျော် ဂီတအနုပညာရှင်များ လာရောက်ဖျော်ဖြေလေ့ရှိသည့် “Summer Sonic” ဂီတဖျော်ဖြေပွဲသည်  စတင်ကျင်းပသည့် (၂၀၀၀) ခုနှစ်တွင် ဂျပန်နိုင်ငံ ယာမာနာရှီမြို့၊ (၂၀၀၁) ခုနှစ်မှ ယခုနှစ် (၂၀၂၃) ခုနှစ် အထိ  ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် ချီဘ မြို့တို့တွင်သာ ကျင်းပလေ့ရှိသည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံပြင်ပတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် အနေဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ဖူးပြီး ဒုတိယအကြိမ်အဖြစ် ယခုနှစ်တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည်လည်းဖြစ်သည်။

 

ထိုင်းအစိုးရနှင့် ပွဲစီစဉ်သူများသည် “Summer Sonic Bangkok 2024” ဂီတဖြေဖျော်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ်လ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟုလည်း Chai က ပြောသည်။

 

ဘယ်ဘ်ဂျီယံနိုင်ငံ အန့်ဝပ်မြို့တွင် (၂၀၀၅) ခုနှစ်မှ စတင်ကာ ကျင်းပပြုလုပ်မြဲဖြစ်သည့်  ကမ္ဘာကျော် EDM ဂီတဖျော်ဖြေပွဲတစ်ခုဖြစ်သည့် Tomorrowland ၏ ပွဲစီစဉ်သူသည် (၂၀၂၆) ခုနှစ်တွင်  ထိုင်းနိုင်ငံတွင် အဆိုပါ ဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး နောက်တွင် ဆယ်နှစ်ဆက်တိုက်လည်း ကျင်းပနိုင်သည်ဟု သူက စနေ့နေ့ (မတ်လ ၂၃ ရက်) တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ကမ္ဘာကျော်ကားပြိုင်ပွဲများဖြစ်သည့် Formula 1 Group, Formula E နှင့် အနုပညာပြပွဲများ ကျင်းပပြုလုပ်သည့် Art Basel ၏ အနုပညာပြပွဲများ စသည့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်နိုင်ချေရှိသည့် ကမ္ဘာကျော် ပွဲများစွာအတွက်ကိုလည်း ထိုင်းဝန်ကြီးချုပ်ဖြစ်သူ ဆရက်သာ သာဗီဆင်နှင့် ဆွေးနွေးပြောဆိုထားပြီး ဖြစ်သည်ဟုလည်း Chai က ပြောခဲ့သေးသည်။

 

ယခုကဲ့သို့ နိုင်ငံတကာမှ ဂီတပွဲတော်များကို လက်ခံကျင်းပခြင်းသည် တီထွင်ဖန်တီးမှုလုပ်ငန်းသည် စီးပွားရေးအတွက် မောင်းနှင်အားတစ်ခု အဖြစ်တွန်းအားဖြစ်စေရန်နှင့် ထိုင်းနိုင်ငံသည် ကမ္ဘာတဝှန်းရှိ ပွဲတော်များ၏ ဗဟိုချက်ဖြစ်လာပြီး ခရီးသွားမှု မြှင့်တက်လာစေရန်ဆိုသည့် အစိုးရ၏ မူဝါဒ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု သူက ဆိုသည်။

 

ထိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံကို စီးပွားရေးအကျိုးအမြတ်များစွာ ရစေခဲ့သည့် ကမ္ဘာကျော် အဆိုတော် Taylor Swift ၏ The Eras Tour ကို လက်လွှတ်လိုက်ရပြီးသည့်နောက်တွင် ဝန်ကြီးချုပ် ဆရက်သာသည် စင်ကာပူ၏ လှုပ်ရှားမှုသည် “ပါးနပ်သော” လှုပ်ရှားမှု တစ်ခုဖြစ်သည်ဟု ဆိုခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ထိုကဲ့သို့ ခရီးသွားများကို ဆွဲဆောင်ကာ စီးပွားရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အတုယူသင့်ကြောင်း ပြောဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကမ္ဘာကျော် ဂီတဖျော်ဖြေပွဲနှစ်ခုကို ကျင်းပခွင့်ရအောင် ကြိုးပမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင် ဝင်ငွေ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းအထိ ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား (၃၅) သန်းမှ သန်း (၄၀) အထိ လာရောက်လည်ပတ်ရန် မျှော်မှန်ထားပြီး ကိုဗစ်ကပ်ရောဂါမတိုင်မီက စံချိန်တင် နိုင်ငံခြားသားခရီးသည် လာရောက်မှု သန်း (၄၀) နှင့် နီးစပ်နိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

 

အဂ္ဂ

 

ကိုးကား- Bangkok Post, Nation Thailand

ပုံစာညွှန်း – ဘယ်လ်ဂျီယံနိုင်ငံ၌ (၂၀၂၃) ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Tomorrowland ဂီတဖျော်ဖြေပွဲ

ဓာတ်ပုံ- Tomorrowland, Belgium

Related News

Depend on news