ကိုးကန့်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိဟု MNDAA ဆို

Author ခေတ်နီ
Categories
Published on Oct 16, 2023

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)အခြေပြုရာ ကိုးကန့်ဒေသတွင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုအတွင်း စစ်သား ၁၆ ဦးသေဆုံးကြောင်း MNDAA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က အရပ်သားတစ်ဦးကိုဖမ်းဆီးကာ MNDAA တပ်စခန်းရှိရာသို့ လမ်းပြအဖြစ်ခေါ်ဆောင်လာသည့် အင်အား ၃၀ ပါ စစ်ကောင်စီတပ်လက်အောက်ခံစကခ(၁၂) တပ်ရင်း(၃၃၅)ကို MNDAA တပ်ဖွဲ့မှ စခန်းအနီး (၅ )မီတာခန့်အကွာတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲသည် နှစ်နာရီကျော်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တပ်သား ၁၆ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာ ၁၅ ရက်တွင် MNDAA က ထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်များကို စွန့်လွတ်ကာ အထိတ်တလန့်ထွက်ပြေးခဲ့ရပြီး ၎င်းတို့၏ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက်၊ လက်ပစ်အမြောက် ၁ လက်၊ ကျည်ဘောက် ၁၄ ခု၊ ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဂြိုလ်တုဖုန်း ၁ လုံးနှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့ကို MNDAA ဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Related News

Depend on news